အာရုံစူးစိုက်ဖို့ ခက်နေခဲ့ရင် သက်သာစေဖို့
အာရုံစူးစိုက်မှုက အတော်လေးကို အရေးပါတဲ့ အရာပါ။ အထူးသဖြင့် တစ်ခုခုကို သင်ယူလေ့လာနေချိန်တွေမှာပေါ့။ အာရုံစူးစိုက်နိုင်စွမ်း ကောင်းသူတွေက သင်ယူလေ့လာမှုအပိုင်းမှာ ပိုမို အားကောင်းကြသလို ဘာသာစကား စွမ်းရည်လည်း ပိုကောင်းကြပြီး အလုပ်ခွင်မှာရော ပညာရေးမှာပါ ထူးချွန်ကြပါတယ်။
ဒီလို အရေးပါလှတဲ့ အာရုံစူးစိုက်မှုကို ထိခိုက်စေနိုင်တဲ့ အချက်တွေကလည်း အများကြီးပါ။ ဒီတစ်ခေါက်မှာတော့ အလုပ်တွေကလည်း လုပ်စရာများ အာရုံကလည်း စူးစိုက်မရလို့ အခက်တွေ့နေသူတွေအတွက် အာရုံစူးစိုက်ဖို့ ခက်နေတာကို သက်သာစေဖို့ ဘယ်လို ဖြေရှင်းရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။
အာရုံစူးစိုက်ရခက်တာကို သက်သာစေဖို့အတွက် ဒီနည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။
တရားထိုင်ပါ - အာရုံစူးစိုက်ရခက်လာပြီဆိုရင် ဆိတ်ငြိမ်တဲ့နေရာမှာ ဝင်လေထွက်လေ မှတ်ပြီး မျက်လုံးလေး မှိတ်လို့ အေးဆေး ငြိမ်သက်စွာ ထိုင်နေတာကလည်း အာရုံစူးစိုက်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အာရုံ စူးစိုက်ရခက်လာပြီဆိုရင် တရားထိုင်ပါ။
သီချင်းနားထောင်ပါ - သီချင်းအေးအေးလေးတွေ နားထောင်တာ၊ စိတ်ဖိစီးမှုကို ပြေလျော့စေမယ့် သီချင်းလေးတွေကို နားထောင်တာက အာရုံစူးစိုက်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အာရုံစူးစိုက်ရ ခက်လာပြီဆိုရင် လုပ်လက်စလေးတွေကို ခဏနားလို့ သီချင်းလေး နားထောင်လိုက်ပါ။
စာအုပ်ဖတ်ပါ - စိတ်အပန်းပြေစေမယ့် ရသစာပေမျိုးကို ဖတ်ပေးတာကလည်း အာရုံစူးစိုက်မှု ကောင်းစေဖို့ ထောက်ကူ ပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်ခွန်အားရစေမယ့် စာစုလေးတွေ စိတ်အပန်းပြေစေမယ့် စာလေးတွေကို ဖတ်ကြည့်ဖို့ ပြောချင်ပါတယ်။
ခဏနားပါ - အာရုံစူးစိုက်ရ ခက်လာတာက စိတ်ရောကိုယ်ပါ ပင်ပန်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အာရုံစူးစိုက်ရ ခက်လာပြီဆိုရင် လုပ်လက်စလေးတွေကို ခဏနားလိုက်ပါလို့ ပြောချင်ပါတယ်။
ရေ ဝဝသောက်လိုက်ပါ - ဦးနှောက်ထဲမှာ ရေဓာတ်နည်းလာတာကလည်း အာရုံစူးစိုက်ရခက်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အာရုံစူးစိုက်ရ ခက်လာပြီဆိုရင် ရေဝဝ သောက်လိုက်ပါ။
ပတ်ဝန်းကျင် ပြောင်းလိုက်ပါ - တစ်ခါတလေမှာ အာရုံစူးစိုက်ရခက်တာက ပတ်ဝန်းကျင် အနေအထားကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အာရုံစူးစိုက်ရခက်လာပြီဆိုရင် ပတ်ဝန်းကျင်ကို ပြောင်းပစ်လိုက်ပါ။ ဆိတ်ငြိမ်ပြီး စိတ်လက်ပေါ့ပါးစေမယ့် ပတ်ဝန်းကျင်ဆီကို ပြောင်းရွှေ့လိုက်ပါ။
ကိုယ့်ကိုယ်ကိုယ် ဆုချပါ - တစ်ခုခုကို အာရုံစူးစိုက်ဖို့ ခက်နေရခြင်းက တစ်ခါတလေမှာ စိတ်မပါတာကို လုပ်နေရတာ၊ လုပ်နေရတဲ့ အလုပ်ကို စိတ်ဖိစီးနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို အဆုံးသတ်ဖို့ဆိုရင် ဒါလေးပြီးရင် ကိုယ့်အတွက်ကိုယ် ဘာလေးဆုချမယ်ဆိုတာမျိုး မိုတီယူလိုက်ပါ။
အာရုံ စူးစိုက်ရခက်နေတာကို ဒီနည်းလမ်းလေးတွေနဲ့ ဖြေရှင်းလိုက်ပါ။
မွန်မွန်